Tara's International School

banner_image

👶 ဂရုစိုက်စွာ စီမံကြမယ်မိမိရင်သွေးငယ်တို့ရဲ့ Screen Time အန္တရာယ်📱

25/11/2025

👶 ဂရုစိုက်စွာ စီမံကြမယ်မိမိရင်သွေးငယ်တို့ရဲ့ Screen Time အန္တရာယ်📱


ယနေ့ခေတ်တွင် နည်းပညာတိုးတက်လာသည်နှင့်အမျှ ကြီးပြင်းလာကြသော ကျွန်မတို့၏ ရင်သွေးငယ်များကို စမတ်ဖုန်းများ၊ တက်ဘလက်များနှင့် ရုပ်မြင်သံကြားများမှ ဗီဒီယိုလေးများက ဆွဲဆောင်လျက်ရှိသလို၊ ၎င်းတို့ကို ဂရုတစိုက်စီမံပေးနေသော မိဘများအတွက်လည်း စိန်ခေါ်မှုတစ်ရပ် ဖြစ်လာပါသည်။


🤔 Screen Time ကို ဘာကြောင့် ဂရုတစိုက်စီမံဖို့ လိုအပ်လာသလဲ?


ကလေးငယ်များအတွက် ဖန်သားပြင်ကို ကြည့်ရှုသည့်အချိန်ကို ထိန်းချုပ်စီမံခြင်း သည် ၎င်းတို့၏ ကာယ၊ ဥာဏနှင့် စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အရေးကြီးလှပါသည်။


🔹ကျန်းမာရေးအပေါ်သက်ရောက်မှု: ဖန်သားပြင်ကို အချိန်ကြာမြင့်စွာ ကြည့်ရှုခြင်းက ရင်သွေးငယ်တို့၏ မျက်စိကျန်းမာရေးကို ထိခိုက်စေနိုင်တာ၊ အိပ်ချိန်မမှန်တာ၊ ကောင်းကောင်းအိပ်မပျော်တာ၊ မှတ်ဥာဏ်ပိုင်းဆိုင်ရာ ပြဿနာတွေအပြင် ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်းကြောင့်လည်း ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုကို အဟန့်အတားဖြစ်စေနိုင်ပါသည်။


🔹ပညာရေးအပေါ်သက်ရောက်မှု: ဖန်သားပြင်မှ ရောင်စုံအလင်းများနှင့် လျင်မြန်စွာလှုပ်ရှားမှုများရှိသောရုပ်ပုံများသည် ကလေးငယ်တို့၏ အာရုံစူးစိုက်မှု၊ စိတ်ရှည်သည်းခံမှုနှင့် စာဖတ်ခြင်းစွမ်းရည်များကို ထိခိုက်စေနိုင်ရုံသာမက ပညာရေးတွင် ဆုတ်ယုတ်မှုကိုလည်း ဖြစ်ပေါ်စေနိုင်ပါသည်။


🔹လူမှုဆက်ဆံရေးအပေါ် သက်ရောက်မှု: အိမ်တွင်း၌ မိဘ၊ မောင်နှမများနှင့်အတူတကွ မျက်နှာချင်းဆိုင် ဆက်ဆံပြောဆိုခြင်းထက် ဖန်သားပြင်နှင့်သာ အချိန်ကုန်နေခြင်းက ကလေးငယ်တို့၏ လူမှုဆက်ဆံရေးစွမ်းရည်နှင့် စိတ်ခံစားမှုဆိုင်ရာ နားလည်မှုများကို လျော့နည်းစေနိုင်ပါသည်။


✨ ဒါကြောင့် မိဘများအနေဖြင့် မိမိတို့၏ ရင်သွေးငယ်များအတွက် Screen Time ကို စီမံခန့်ခွဲနိုင်စေရန်အတွက် …


💠 Screen Time အချိန်ကန့်သတ်ချက် ပြုလုပ်ပါ: အသက်အရွယ်အလိုက် သင့်လျော်သော Screen Time ကန့်သတ်ချက်ကို သတ်မှတ်ပြီး တင်းတင်းကျပ်ကျပ် လိုက်နာပါစေ။ (ဥပမာ- အသက် ၂ နှစ်အောက် ကလေးငယ်များအတွက် လုံးဝရှောင်ကြဉ်ခြင်း၊ ၂ နှစ်မှ ၅ နှစ်အထိ တစ်နေ့လျှင် ၁ နာရီသာ ကြည့်ရှုခွင့်ပေးခြင်း)။


💠 ကြည့်ရှုမည့်အကြောင်းအရာကို ရွေးချယ်ပါ: ဖျော်ဖြေရေး ရုပ်သံဗီဒီယိုများထက် ပညာရေး၊ကျန်းမာရေး၊ Skill Development

ဖန်တီးမှုအားပေးသော ၊သို့မဟုတ် မိသားစုနှင့်အတူကြည့်ရှုနိုင်သော Positive Content အစီအစဉ်များကိုသာ ရွေးချယ်ပေးပါ။


💠 Phone, Laptop, Tablet များကို အသုံးမပြုရမည့် ‌‌ဧရိယာ/အချိန်များ သတ်မှတ်‌ပေးပါ: ထမင်းစားနေချိန်၊ အိပ်ယာ‌‌ေပါ်များတွင် အသုံးပြုမှုကို ကန့်သတ်ထားပါ။ မိသားစုနှင့်အတူ စကားပြောချိန်များများဖန်တီးပေးပြီး Real-Life Interaction ကို ဦးစားပေးပါ၊

အိပ်ရာမဝင်မီ နာရီဝက် ၊သို့မဟုတ် တစ်နာရီအလိုတွင် Screen Time မပြုလုပ်မိစေရန် ဂရုပြုပေးပါ။


💠 Screen Time အပြင် အခြားရွေးချယ်စရာများကို ဖန်တီး ပေးပါ: ကလေးငယ်တို့ကို Screen Time မှ အာရုံပြောင်းစေရန် စာအုပ်ဖတ်ရှုစေခြင်း၊ ဆေးရောင်များချယ်သစေခြင်း၊ ပြေးလွှားဆော့ကစားနိုင်မယ့်နေရာများ၊ ကစားကွင်းများခေါ်သွားခြင်း၊ အားကစားလုပ်ခြင်း သို့မဟုတ် အိမ်တွင်းလှုပ်ရှားမှုများတွင် ပါဝင်ရန် တွန်းအားပေးပါ။


ယနေ့ဒီဂျစ်တယ်ခေတ်ရဲ့ Screen Time စိန်ခေါ်မှုကို

မိဘများ၏ အလေးထား ဂရုတစိုက်ရှိမှုနှင့် အချိန်စီမံခန့်ခွဲမှုတို့ကြောင့် ရင်သွေးငယ်လေးတို့သည် နည်းပညာ၏ အကျိုးကျေးဇူးများကို ကောင်းစွာရရှိခံစားလာနိုင်ပြီး၊ ကျန်းမာကြံ့ခိုင်သော ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် ရင်သွေးငယ်လေးများ ဖြစ်လာစေရန် ပြုစု ပျိုးထောင်ပေးနိုင်ပါစေကြောင်း Tara’s International School မှ ဆုမွန်ကောင်းတောင်းရင်း အကြံပြုဖော်ပြပေးလိုက်ပါတယ်ရှင့်။🤗